အဝေးကအိမ်

ခဏခဏလွမ်းတယ်

ပြေမသွားတဲ့ ဒီအလွမ်း
ငါတရှိုက်မတ်မတ် နမ်းနေမိပြန်တယ်...။



ငါ့အတောင်တွေ ဖြန့်
ငါ့မာန်ထည်တွေ တ၀င့်ဝင့်နဲ့
ငါရွက်လွှင့်ဖို့ကြိုးစားခဲ့တဲ့
ငါ့အသိုက်မြုံလေးဆီ......။


အခုတော့...
ရင်အစုံကိုသာ တဖွဖွပွတ်တိုက်
ထိရှတဲ့ဒဏ်ရာတွေ အနာမကျက်သေးခင်
ဟိုယခင်က နေရာဟောင်းတွေကလည်း
ငါ့နှလုံးသားကိုထိုးဆွမဲ့
တံလျှိုချောင်းတွေဖြစ်နေတယ်.....။

ငါ နာကျင်နေရပါပြီ
လောင်ကျွမ်းတာကို ပြာကျမသွားနိုင်တဲ့
သစ်ရွက်မဟုတ်လို့သာပါ..
ငါ့ရင်မှာတော့ ဗရပွထပ်နေတဲ့ ဝေဒနာတွေကအပြည့်...။

ဒီတော့လည်း
ဟစ်ကြွေးခွင့်ပြုပါလေ
ရင်ကိုဖွင့် အသံကုန်ဟစ်ပြီးပြောပါရစေ
နောက်တစ်ခါအိမ်နဲ့မခွဲတော့ဘူးလို့.....။

                                         ကြည်နိုင်(ကြူရွာ)